Wednesday 16 September 2009

တွေးမိရောက်ရာ



ပုံကို ဂဲဂဲ ဆီကယူပါတယ်။

မြတ်ကလေ ကိုယ်ကသာစာမရေးတတ်တာ၊ စာရေးကောင်းတဲ့သူဆို အင်မတန်သဘောကျတာ။ ကိုယ်ကြိုက်တဲ့စာတွေဆို သိမ်းထားပြီး ပြန်ပြန်ဖတ်ရတာအမော။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်သိမ်းထားရလောက်အောင်ကြိုက်ရတဲ့စာတွေက အမြဲလိုလိုမှမဖတ်ရတာ။ ဂျူး ဆို တအုပ်ဆို၊ ဆိုသလောက်ပဲ။ စောင့်ရတာ လည်ပင်းညောင်ရေအိုးမကတော့ဘူး။ ဒါပေမယ့် စာရေးဆရာစွဲ မထားတော့ ဖတ်စရာသိပ်တော့မရှားဘူးပေါ့။

ရှစ်တန်း ကိုးတန်းလောက်တုန်းကတော့ မဂ္ဂဇင်းထဲက ကြိုက်သမျှစာတွေကို ဖြဲထားပြီးသိမ်းတော့တာပဲ။ အတ္တကြီးတာလေ။ အိမ်ကလည်း အဲဒီအကျင့်ကိုလုံးဝမှမကြိုက်။ နောက်တော့မှပြန်စဉ်းစားမိတယ်။ သူများတွေလည်းဖတ်ချင်မှာပဲဆိုတာ။ အဲဒီအသိကလည်း ကိုယ်တိုင်ကြုံလိုက်ရမှ သိလိုက်တာပါ။

ဘယ်မဂ္ဂဇင်း၊ ဘာအကြောင်းအရာလည်းတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးနိဂုံးချုပ်ခါနီးဆိုတာတော့
မှတ်မိတယ်။ စာရွက်ကြီးက ပြဲနေရောလေ။ နောက်တမျက်နှာမှာပါတဲ့ မင်းသမီးပုံကိုလိုချင်လို့နေမှာပေါ့။ ကိုယ့်မှာတော့လေ တနေကုန်နေရခက်လိုက်တာ။ နောက်စာအုပ်ဆိုင်မှာထပ်ငှားရအောင်ကလည်း စာအုပ်က လွန်ခဲ့တဲ့သုံးလေးလလောက်ကဟာဆိုတော့ နှမလက်လျော့နေလေတော့ပေါ့။

အဲဒီကတည်းက ဘယ်တော့မှစာရွက်မဖြဲတော့ဘူး။ ကိုယ်လိုချင်တာရှိရင် မိတ္တူပဲသွားဆွဲလိုက်တော့တယ်။ မိတ္တူဖိုးကတော့ ဘတ်ငွေလေးတွေပေါ့ကွယ်။ အမီးပြောသလိုပေါ့။ ဒယ်ဒီ့ပိုက်ဆံလည်း မမူပိုက်ဆံ၊ မမူပိုက်ဆံလည်းမမူပိုက်ဆံ…တဲ့။ မြတ်ကသူတို့နှစ်ယောက်လုံးသမီးပဲဟာ…နော့…။ တချို့ စာတိုတာလေးတွေဆို လက်ရေးနဲ့ကူးထားလိုက်ပါတယ်။ ဒါကတော့လည်းအရင်ကတည်းကပါ။ (ဟဲဟဲ…အမှုလေးများ နည်းနည်းပေါ့မလားလို့။) အဲဒီတော့ ကောင်းလာတာလေးတွေက စာတွေပြန်ဖတ်ရင် ခိုးမဖတ်ရတော့ဘူးပေါ့။ စာရွက်တွေလည်းမဖွက်ရတော့ဘူးလေ။ မဟုတ်ရင်အိမ်ကဆူမှာစိုးလို့ခိုးဖတ်၊ ပြီး ဖွက်နေရတာ ရည်းစာစာ ကျနေတာပဲ။ အဲဒီတော့မှလည်း စဉ်းစားမိတယ်။ ငါတော်တော်စိတ်ပေါ့သွားပါလားပေါ့။ မဟုတ်ရင် အိမ်ကသိမှာ တထင့်ထင့်နဲ့လေ။ အမီးကဆူလိုက်ရင် တော်ပါတော့၊ ရိုက်သာသတ်လိုက်ပါတော့လို့ ပြောရလောက်အောင်ကို ဆူတတ်တာ။

ကျွန်မက တော်တော် ကိုယ်ချင်းမစာတတ်တာ။ လက်ကိုင်ပြုထားတာကလည်း ကိုယ်ကမှ အရာတခုကိုမခံစားဘူးရင် သူများခံစားနေရလည်း အဲဒီခံစားချက်ကိုနားမလည်ပေးနိုင်လောက်ဘူး လို့လေ။ နားလည်ပေးနိုင်လည်း နည်းနည်းပါးပါးပေါ့၊ ကိုယ်နဲ့စာပြီးတော့ တော့
နားမလည်နိုင်လောက်ဘူး ထင်တာပဲ။ ခုများတော့လည်း ကာယကံရှင်တွေထက်တောင် ပိုနေပြီလားမသိ။ အပူအပင်ကင်းတဲ့ဘဝ၊ အရွယ်တွေကို ကျော်လာလို့လည်းဖြစ်ချင်ဖြစ်မှာပေါ့နော်။

ဘတ် စရာမလိုတဲ့ ကိုငြိမ်းရဲ့ ကဗျာလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်။ ဘယ်မဂ္ဂဇင်း၊ ဘယ်ခုနှစ်ကမှန်းတော့မသိ။ (တော်သေးတယ် ကဗျာဆရာနာမည်ကိုသိလို့)။ ဘေဿဝိုင်း၊ ဒီကဗျာလေးက လက်နဲ့ကူးပြီးသိမ်းထားတဲ့ များစွာထဲက တခုပါ။


ကိုငြိမ်းအမေ
ပိုက်ဆံအကြွေအသိမ်းကောင်း
မီးဖိုဘေးကပြာပုံ
အကြွေမျိုးစုံအမေဝှက်တတ်

တစ်မူး၊ တစ်ပဲ၊ တစ်မတ်

အဖေကြီးက
စည်းကမ်းတင်းတင်း
ပုံသွင်းပြင်းတတ်

တစ်နေ့…အဖေ့ရှေ့မှာ
အမေ့ဆီမုန့်ဖိုးတောင်းမိ

”ဟေ့…စည်းမရှိ၊ ကမ်းမရှိ
ပိုက်ဆံကို ဂရီး ဂရီး မပေးနဲ့” တဲ့

အဖေ့အမိန့်စကား
ဓါးတစင်းလိုထက်လို့
ဇီးရွက်ရဲ့ အချင်း မျိုးဖြစ်အောင်
သားမျက်နှာ ကျဉ်းဖြစ်နေခဲ့

အမေ့ရဲ့စကားယမထာကလည်း
အော်…အမိန့်နောက်သံယောင်လိုက်သွား

အမိန့် တုဖုံးထားတဲ့ အမေ့ရဲ့စကား
ရတနာသိုက် ညွှန်းလိုက်ပုံက

”ဟဲ့…ကောင်လေး၊ မီးဖိုဘေးကပြာတွေ
သွား…အခုသွန်စမ်း”

(ကိုငြိမ်း)


ဆောဒီး...ကဗျာခေါင်းစဉ်လည်း မသိဘူးပဲဗျ...အဟီး

မြတ်

Monday 14 September 2009

ပုံး ကြိုက်တဲ့ ခင်နှမရယ်




ပုံတွေကို ဂဲဂဲဆီ ကယူပါတယ်။


မြတ်က ပုံး တွေ၊ ဗူးတွေ နဲ့  ပစ္စည်းသိမ်း ရတာ အင်မတန် ကြိုက်။ နိုင်ငံခြား ရုပ်ရှင်တွေ ကြည့် ကြည့် ပီး သူ တို့  တွေ ပစ္စည်း တွေ ကို ပုံးတွေ၊ ဗူးတွေ နဲ့  ရွှေ့နေရင် ဘာလို့ မှန်းမသိ အရမ်းသဘော ကျတာ ငယ်ငယ်ကတည်းကပဲ။ သယ်ရ ပြုရ၊ ရွှေ့ရတာ သပ်သပ်ရပ်ရပ်၊ လွယ်လွယ်ကူကူရှိတယ်လို့လည်း ထင်တယ်လေ။အရင် ရန်ကုန်မှာ အလုပ်လုပ်တုန်းကလည်း ရုံးခန်းကကောင်မလေး နဲ့ခင်အောင်ပေါင်းထားလိုက်တာပေါ့။ A4 ပုံးလွတ်တွေမျက်နှာနဲ့လေ။ ပြီးရင်အိမ်ကစာအုပ်တွေ နဲ့ ပစ္စည်းတချို့ ကို ထည့်ပြီးသိမ်းထားတာပေါ့။ နောက် မြတ် ရဲ့အကျင့်တစ်ခုက သိပ်အသုံးမလိုတဲ့ပစ္စည်းတွေ ကို မျက်စိရှေ့မှာမမြင်ချင်ဘူး။ အဖေကတော့ နာမည်ပေးထားတယ်။ မသိမ်းပျောက် တဲ့။ စာအုပ်တွေကို စက္ကူပုံးတွေနဲ့သိမ်းရတာ ပရုတ်လုံးဖိုးတော့ တော်တော်ကုန်တယ်။ စာအုပ်ရော၊ ပုံးရောက စက္ကူတွေဆိုတော့ ပိုးကောင်တွေအတွက်က အချိုရှာ သကာတွေ့ ပေါ့။

ဒီရောက်လာပြန်တော့လည်း မေ့ ကို ဒုက္ခပေးရပြန်တယ်။ ဘာရှိရမလဲ၊ A4 အတွက်ပဲပေါ့။ သူ့ခမျာလည်း အဲဒီပုံးတွေနဲ့ဆို လိုင်းကားနဲ့ပြန်မလာနိုင်ဘူးလေ။ အငှားကားနဲ့ ပြန်လာရတော့တာပေါ့။ ကားခလား? ပြန်မပေးပါဘူး This man နဲ့ this man ပဲဟာ နော့? အခုလည်း ပုံးတွေထပ်လိုနေပြန်ဘီလေ။ မိုးကပြန်တော့မှာဆိုတော့ သူ့စာအုပ်တွေကို လေယာဉ်နဲ့မသယ်တော့ဘဲနဲ့ အိမ်အထိပစ္စည်းတွေပို့ပေးတဲ့နေရာကနေပဲ ပုံးတွေနဲ့ပို့လိုက်တော့မယ်လေ။ အဲဒီတော့ မေ့ ရဲ့ ပုံးတာဝန်က ထပ်ရှိလာတော့တာပေါ့။ သူ့ရုံးကလူတွေကတော့ သူ့ကိုပုံးကုန်သည်လို့တောင်ထင်နေလောက်ပြီထင်တယ်။ မေ့ တာဝန်ပြီးတော့ မိုးတာဝန်ဖြစ်တဲ့ ချက်ပြုတ်ရေးဖက်လှည့်ကြတော့ ခြေနေ က မကောင်း။ ချက်စရာ နထ္ထိ။ ဆီ နဲ့ ဆန်ကစ အိုးလွတ်၊ ပုံးလွတ်။ (တကယ်တော့ဝမ်းသာစရာပါ။ မတော် ဆန်နည်းနည်း ကျန်နေ သေးရင် ဆန်ပြုတ်ပြုတ်ဖို့ပဲ ချောင်းနေတဲ့ မေ့ လက်စာ အဲ လက်ရာ ဆန်ပြုတ်နဲ့ နှစ်ပါးသွားနေရမှာ) အဲဒီဒေါ့ ထုံးစံအတိုင်းသွား နေကျ အိမ်နား က Carrefour (ကြော်ငြာခြင်းမဟုတ်ပါ) ကိုပဲ သုံးယောက်သား ချီတက်ကြတာပေါ့။

Carrefour ရောက်တော့ လိုအပ်တာတွေ မှာစား အဲ ဝယ်ခြမ်းရင်းနဲ့ မိုးတယောက် ရတနာပုံဆိုက်တော့တာပါပဲ။ သိကြတဲ့အတိုင်း Supermarket ဆိုတော့ ပစ္စည်းတိုင်း၊ ပစ္စည်းတိုင်း က ပါကင် ပုံးကြီးတွေ နဲ့ပဲပေါ့။ ပစ္စည်းတွေကို စင်ပေါ်စီလိုက် တော့ ကျမ တို့အကြိုက် ပုံးလွတ်တွေက အောတိုက်ပေါ့။ မိုးဘာလုပ်တယ်ထင်လဲ။ ပုံးတွေထဲက ကောင်းတဲ့ပုံးတွေကို စိတ်ကြိုက်ရွေးတော့တာပေါ့။ ပြီးတော့သုံးယောက်သား ခပ်တည်တည်နဲ့ ငွေရှင်းပြီးထွက်ခဲ့တယ်။

တကယ်တော့ Carrefour နဲ့ အိမ်နဲ့က ငါးမိနစ်စာပဲ ဝေးတာပါ။ ဒါပေမယ့် ပစ္စည်းတွေ ဗလပွနဲ့ဆိုရင်၊ လေးလည်းလေးရင် ငါးမိုင်ခရီးလောက်ထင်ရတယ်။ အဲဒီတော့ Carrefour အထွက် နည်းနည်းလည်းလှမ်းရော ဖြန့်ထားတဲ့ပုံးခွံတွေကို ပုံးပြန်ခေါက်၊ ပစ္စည်းတွေထည့်ပြီး ပြန်လာကြတာပေါ့။ ဒီကြားထဲ မိုက်ကြီးနဲ့ ပုံးတွေများလှမ်းတောင်းလေမလား တထိတ်ထိတ်နဲ့လေ။ ဘာလို့ဆို အဲဒီလိုယူလို့ ရ၊ မရ မသိဘူးလေ။ မေးလည်း စကားကမှ မပေါက်။ အိမ်ပြန်ရောက်မှ ဟင်း ချနိုင်တော့တယ်။ ဒါတောင် လမ်းတလျှောက်လူတွေက ကြည့်ကွက်၊ ကြည့်ကွက်နဲ့။ သုံးယောက်လုံး ဂရုမစိုက်ပေါင်။ တလောကလုံး ကိုယ့်လုပ်စာထိုင်ဖြုန်းနေတဲ့ရုပ်နဲ့ နေ နေ လိုက်တယ်။


ဟီး...မေ့တွားလို့၊ မြတ်ရဲ့တာဝန်ကလား? သြော်………ဘာရှိရမလဲလေ၊ ချက်ကျွေးသရွေ့လေး ဘာမဆို မငြီးငြူတမ်း၊ စေတနာ ဗလပွနဲ့ အများတကာစိတ်ချမ်းသာအောင်စားပေးရတာ မြတ်ရဲ့သမိုင်းပေးတာဝန်ပေါ့။

မြတ်

Friday 11 September 2009

လှ...ခဲ့ချိန် ?




ဒီနေ့  ပျင်းပျင်းရှိတာနဲ့  အိမ်နဲ့  နီးတဲ့ ပန်းခြံလေးထဲသွားထိုင်မိတယ်။ ကြားရက်ဆိုတော့ လူရှင်းမယ်ထင်ပြီးပေါ့။ ဒါပေမယ့် သပွတ်အူမျောလာတာထက်ဆိုးသွားတယ်။ လူတွေ လူတွေဆိုတာတအားပဲ။ အလယ်တန်းကျောင်းသားအရွယ်လေးတွေကပိုများတယ်။ သူတို့ အတွက်ဘာပွဲများရှိလဲမသိဘူး။ သူ့ အစုလိုက် အစုလိုက်နဲ့ လွတ်လပ်ပျော်ရွှင်နေလိုက်ကြတာ။ ချစ်သူစုံတွဲလေးတွေကလဲ ခုံတန်းလေးတွေပေါ်မှာထိုင်နေကြတယ်။ တချို့ လူရွယ်တွေနဲ့  အဖိုး၊ အဖွားတွေကတော့ လမ်းလျှောက်သူကလျှောက်၊ ပြေးသူကပြေးနဲ့  ညနေခင်းလေးက အရမ်းကို အသက်ဝင်လွန်းနေတယ်။ အဲ့ဒါနဲ့  လမ်းတပတ်လောက်ပဲလျှောက်ပီး လူရှင်းတဲ့နေရာက ခုံလေးမှာထိုင်ရင်းနဲ့  ငါ့နိုင်ငံမှာဆိုရင်ဆိုပြီးတွေးမိသွားရင်းက ကဗျာမမှီ စာမပီလေး တခုကိုချရေးဖြစ်ခဲ့တယ်။ အပြန်လမ်းမှာတော့ ခူးဖို့ တေးထားတာကြာနေတဲ့ မြက်ပန်းလေးတွေကို ပန်းအိုးထိုးဖို့ ခူးခဲ့တယ်။






စိမ်းစိုနေတဲ့ မြက်ခင်းတွေ

့ပြုံးရယ်နေတဲ့ ကြယ်လေးတွေ

အလင်းရောင်တလက်လက်နဲ့  လမ်းသစ်၊ နေ့ သစ်မှာ
မျှော်လင့်ချက်လတ်လတ်ဆတ်ဆတ်တွေနဲ့  မီးခဲလေးတွေ

အစွမ်းကုန်တောက်ပခွင့်ရခဲ့တဲ့အတွက်
ဘဝကိုကျေနပ်နေခဲ့ကြတဲ့ ဥက္ကာပျံတွေ

...တွေ
.............တွေ
.......................တွေ နဲ့ 

လောကဟာ သာယာနေခဲ့ပါတယ်။

ဒါပေမယ့်ကွယ်...

လှပစေဖို့ အတွက် ညှိပေးမလိုလိုနဲ့ 
အမြစ်ကနေအတူးခံနေရတဲ့ မြက်ခင်းတွေ

ချစ်လို့ စ ပါတယ်ဆိုပေမယ့်
စ သူပျော်စေဖို့  ငိုနေရတဲ့ကြယ်လေးတွေ

အေးမြစေဖို့ ဆိုတဲ့ စေတနာတပတ်နွမ်းနဲ့ 
ရေလောင်းခံလိုက်ရတဲ့ မီးခဲလေးတွေ

နောက်ဆုံးအချိန်မှာတောင် အလင်းလက်ဆုံးတောက်ပခွင့်မရတဲ့
ချောင်ထဲရောက် ဥက္ကာပျံတွေ

...တွေ
.............တွေ
.......................တွေ နဲ့ 

လောကဟာ အကျည်းတန်လာနေပြီလား !!!

မြတ်

Friday 4 September 2009

လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ကျန်းသို့ ခရီးတစ်ခေါက်


မြတ်ရဲ့ ဗီဇာကိစအတွက် ဗီယန်ကျန်းကို ၃၁ရက်နေ့ညက ခရီးထွက်ခဲ့ကြတယ်။ ည၇နာရီဝန်းကျင်လောက် အိမ်ကနေထွက်ပြီး မော်ချစ်ကားဂိတ်ကိုသွား၊ တတိယထပ်မှာ ကားလက်မှတ်ဝယ်၊ မုန့်ဝယ်ပြီး ကိုယ်စီးရမယ့် ကားဂိတ်ကိုလိုက်ရှာ၊ ကားပေါ်တက်ပြီး ကားအထွက်ကို ထိုင်စောင့်ကြတယ်။ ၈:၃၀ထွက်မယ့်ကားက ၉:၀၀လောက်မှထွက်တယ်။ အနောက်တိုင်းသားတွေတောင် အချိန်မတိကျတာ၊ အရှေ့တိုင်းသားတွေ နောက်ကျတာကို ဘယ်ဗွေယူလို့ဖြစ်မလဲလို့ပဲ အောက်မေ့ပြီး စကားများလိုက်၊ အစားစားလိုက်နဲ့ လိုက်လာကြတယ်။

ကားက ထိုင်ခုံကျယ်ပြီး ခြေထောက်တင်စရာပါ ပါတော့ အတော်အဆင်ပြေပါတယ်။ သူတို့က မုန့်တစ်ထုပ်၊ အအေးတစ်ဗူး၊ ရေသန့်တစ်ဗူးလိုက်ဝေတယ်။ လမ်းမှာ မုန့်စားဖို့၊ သန့်စင်ခန်းသွားဖို့ ၂ခါလောက် ကားရပ်ပေးတယ်။ အချိန်မိနစ်၂၀လောက် စောင့်တယ်။ ကားကို ၉နာရီလောက်စီးပြီးတော့ ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ နောင်ခိုင်ကို မနက်၆နာရီလောက် ရောက်တယ်။ ရောက်တာနဲ့ Tuk Tuk၊ Taxiနဲ့ bus ကားသမားတွေက သူပုန်တွေ ရွာထဲဝင်သလို ၀ိုင်းပြီးလူခေါ်တော့တာပဲ။

Tuk Tukတို့ Taxiတို့နဲ့သွားဖို့ကို စိတ်မချလို့ နောင်ခိုင်-ဗီယန်ကျန်း ဘတ်စ်စီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ဘတ်၆၀တန် ကားလက်မှတ်ဝယ်၊ ကားထွက်ချိန် မနက်၇:၃၀စောင့်ပြီး ဗီယန်ကျန်းဘက်ကို ကူးပါတယ်။ အဲဒီဘတ်စ်တွေက နယ်စပ်ဂိတ်တွေမှာရပ်၊ လူတွေကဆင်းပြီး လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တာကိုစောင့်၊ ပြီးနောက်တစ်ဂိတ်ဆက်ကူး၊ အဲလိုသွားပါတယ်။ Tuk Tukတို့ Taxiတို့က ဂိတ်တစ်ခုကိုပဲပို့ပြီး နောက်တစ်ဂိတ်ကို ကိုယ့်ဖာသာကိုယ် သွားရမယ်ထင်တယ်။


မနက်၉:၀၀လောက်မှာ ဂိတ်ဆုံးဖြစ်တဲ့ ဗီယန်ကျန်းမြို့ထဲက ကားဂိတ်ကို ရောက်တယ်။ အချိန်က ထိုင်းသံရုံးကို တန်းသွားမှ အဆင်ပြေမှာမို့ ကားဂိတ်ကနေ Tuk Tuk ငှားပြီး ထိုင်းသံရုံးကို သွားပါတယ်။

မေ့ရဲ့ဆက်ရန်က တအားကြာသွားလို့ မြတ်က ဒီပို့စ်ကို ဖျက်ဖို့ အကြိမ်ကြိမ်ပြောလာတာနဲ့ မဖြစ်ချေဘူးဆိုပြီး မအားတဲ့ကြားက ခိုးရေးလိုက်ပါတယ်။ အခုက ရုံးချိန်ဆိုတော့လေ။ :P

မေတို့နှစ်ယောက် ထိုင်းသံရုံးရောက်တော့ လူတွေအများကြီး ဗီဇာလျှောက်ဖို့စောင့်နေကြတယ်။ ဘယ်လောက်တောင်များလဲဆို မြတ်ရဲ့ တိုကင်နံပါတ်က ၁၈၀။ ရန်ကုန်မှာ ဆီတန်းစီနေသလား အောက်မေ့ရတယ်။

သံရုံးဝန်းထဲမှာ ဗီဇာဖောင်ဖြည့်ပြီး ကိုယ့်အလှည့်ကို စောင့်ရတယ်။ သံရုံးရှေ့မှာ ဓာတ်ပုံရိုက်၊ ကော်ပီကူးတဲ့ ဆိုင်လေးရှိတယ်။ ကြိုမလုပ်ခဲ့ရသေးတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

မြတ်အလှည့်ကျလို့ ဖောင်တင်တော့ အဲဒီက တာဝန်ကျ သံရုံးဝန်ထမ်းက ဖောင်လက်ခံပြီး သူ့တိုကင်မှာ တံဆိပ်တုံးထုပေးလိုက်တယ်။ ပတ်စ်ပို့ လက်ခံရရှိကြောင်း သက်သေသဘောပေါ့။ အဲဒီစာရွက်လေးကို သေချာသိမ်းပြီး မေတို့ တည်းမယ့် ဟိုတယ်ကို Tuk Tuk သွားကြတယ်။ လာအိုမှာ Tuk Tukနဲ့ ဟိုသွား၊ ဒီသွား ၁ယောက်ကို ဘတ်၆၀လောက်ပဲ ကျတယ်။ အရမ်းအဝေးကြီးတော့ မဟုတ်ဘူးပေါ့။

မေတို့ သူငယ်ချင်းက မီဆိုင်း ဆိုတဲ့ ဟိုတယ်ကို ညွှန်းတာနဲ့ အဲဒီမှာတည်းဖြစ်တယ်။ မဆိုးပါဘူး။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းလေးပါပဲ။ အဲယားကွန်းခန်း၊ ရေချိုးခန်း၊ အိမ်သာတွဲလျှက် တစ်ညကို ဒေါ်လာ ၃၀လား၊ ၄၀လားပေးရတယ်။ ပန်ကာနဲ့အခန်းက တော်တော်လေးဈေးသက်သာတယ်။ ဒါပေမယ့် ရေချိုးခန်း၊ အိမ်သာကိုတော့ အများသုံးမှာသုံးရတယ်။ မနက်စာကိုတော့ ဟိုတယ်က ကျွေးတယ်။

ဟိုတယ်မှာအနားယူပြီး ညနေကျတော့ ဗီယန်ကျန်းမြို့ထဲကို လျှောက်သွားကြည့်ကြတယ်။ မြို့လေးက တော်တော်လေး သန့်တယ်။ မသန့်တဲ့နေရာကို မရောက်ခဲ့လို့လားတော့ မသိဘူး။ လမ်းလျှောက်လို့လည်း တော်တော်ကောင်းတယ်။ အစားအသောက်ကတော့ ဘန်ကောက်ထက် တော်တော်ဈေးပိုများတယ်။ ရိုးရိုးဆိုင်တွေ သိပ်မတွေ့မိဘူး။

မေတို့ ညစာကို ဆိုင်လေးတစ်ဆိုင်မှာစားဖြစ်တယ်။ အဆိုတော်နှစ်ယောက် ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆို ဖျော်ဖြေတဲ့ဆိုင်လေး။ အခင်းအကျင်းလေးလည်း မဆိုးဘူး။ နှစ်ယောက်စားတာ ဘတ်၅၀၀လောက်တော့ ကျတယ်။ ဘန်ကောက်မှာသာဆို အလွန်ဆုံး ဘတ်၃၀၀ပေါ့။ ဘာပဲဖြစ်ဖြစ် မဆိုးပါဘူး။

နောက်တစ်နေ့ မနက် ၈နာရီခွဲလောက် မနက်စာစားပြီး လမ်းလျောက် ဟိုကြည့်၊ဒီကြည့်နဲ့ ဗီယန်ကျန်းရဲ့ ရှုခင်းကို လျှောက်ကြည့်ပြီး ညောင်းတော့မှ Tuk Tukနဲ့ သံရုံးကို သွား ဗီဇာထုထားတဲ့ ပတ်စ်ပို့ သွားပြန်ရွှေးတယ်။ ထုံးစံအတိုင်း လူတွေက အများကြီးပဲ။ တိုကင် ယူပြီးစောင့်တာပေါ့။

ပတ်စ်ပို့ရပြီးတော့ ကားဂိတ်ကိုသွားဖို့ Tuk Tukငှားမယ် အထွက်၊ မြန်မာတစ်ဖွဲ့နဲ့တွေ့ပါလေရော။

ဆက်ရေးမယ်နော်.. အိမ်ပြန်ရောက်ရင်.. :)





...