Thursday 18 February 2010

သီးစုံကုလားဟင်း

ပါဝင်ပစ္စည်းများ

ဗူးသီး
ခရမ်းသီး
ရုံးပတီသီး
အာလူးသီး
မုန်လာဥဖြူ
နံနံပင်
မန်ကျည်းသီးမှည့်
-----------

ဗူးသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ အာလူးသီး၊ မုန်လာဥဖြူတို့ကို အရွယ်တော်တုံးထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထောင်းထားပါ။

ခရမ်းချဉ်သီးပါးပါးလှီးထားပါ။ နံနံပင်ကို အရှည်လိုက် လက်နှစ်ဆစ်ခန့် ဖြတ်ထားပါ။

ဆီအိုးတည်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပါ။

ကြက်သွန်ဖြူနဲ့ကြက်သွန်နီ ၀ါရောင်သန်းလာပြီး နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး လိပ်အောင်ဆီသတ်ပါ။

ပြီးရင် အာလူးသီး၊ မုန်လာဥဖြူ၊ ဗူးသီး၊ ရုံးပတီသီး၊ ခရမ်းသီးတို့ကို အစဉ်အတိုင်းထည့်၊ ငံပြာရည်ထည့် ဆီသတ်ပါ။

ပြီးရင်ရေထည့်ပြီး ဆူအောင်တည်ပါ။ ပွက်ရင် ဆား၊ အချိုမှုန့်၊ မဆလာ သင့်ရုံခတ်၊ နံနံပင် အရှည်လိုက်သင်ထားတာထည့်ပြီး ချလို့ ရပါပြီ။

ချဉ်စေချင်ရင် မန်ကျည်းမှည့် လက်တစ်ဆစ်လောက် ရေနွေးနဲ့ဖျော်ပြီး ငံပြာရည်ထည့်တဲ့ အချိန်မှာ ထည့်လိုက်ပါ။

ငါးဟင်း

နောင်တော်ကြီးတစ်ပါးက ငါးဟင်း မြန်မာချက် ချက်ချင်တာ ဘယ်လိုချက်ရမှန်းမသိလို့ဆိုလို့ မေသိသလောက် မျှဝေလိုက်ပါတယ်။ မေကတော့ ဘာပဲချက်ချက် စိတ်ထဲရှိသလိုချက်လိုက်တာပဲ။ သူများတွေချက်တဲ့ပုံနဲ့ တူမတူတော့မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် စားလို့ကောင်းရင် ပြီးတာပါပဲလေ။

လိုအပ်သော ပစ္စည်းများ

ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်နီ
ခရမ်းချဉ်သီး
ငရုတ်သီး
နံနံပင်

ကြိုက်နှစ်သက်ရာ ငါးတစ်မျိုး

------------------

လှီးပြီးသား ငါးကို ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ဂျင်းထောင်းထားတာနဲ့ ဆုပ်ပြီး နယ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

ဆီအိုးတည်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပါ။

ကြက်သွန်ဖြူနဲ့ကြက်သွန်နီ ၀ါရောင်သန်းလာပြီး နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး လိပ်အောင်ဆီသတ်ပါ။

ပြီးရင် ငါးကိုထည့် ရေမြုပ်ရုံထည့်ပြီး အဖုံးအုပ် ဆူအောင်တည်ပါ။ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါ။ ရေအနေတော်ကျန်ပြီဆိုရင် နံနံပင်၊ ငရုတ်သီးထည့်ပြီး မီးပိတ်၊ အဖုံးပိတ်ပြီး ထားလိုက်လို့ရပါပြီ။

မွှေးကြိုင်ပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။