ဒီနေ့  ပျင်းပျင်းရှိတာနဲ့  အိမ်နဲ့  နီးတဲ့ ပန်းခြံလေးထဲသွားထိုင်မိတယ်။ ကြားရက်ဆိုတော့ လူရှင်းမယ်ထင်ပြီးပေါ့။ ဒါပေမယ့် သပွတ်အူမျောလာတာထက်ဆိုးသွားတယ်။ လူတွေ လူတွေဆိုတာတအားပဲ။ အလယ်တန်းကျောင်းသားအရွယ်လေးတွေကပိုများတယ်။ သူတို့ အတွက်ဘာပွဲများရှိလဲမသိဘူး။ သူ့ အစုလိုက် အစုလိုက်နဲ့ လွတ်လပ်ပျော်ရွှင်နေလိုက်ကြတာ။ ချစ်သူစုံတွဲလေးတွေကလဲ ခုံတန်းလေးတွေပေါ်မှာထိုင်နေကြတယ်။ တချို့ လူရွယ်တွေနဲ့  အဖိုး၊ အဖွားတွေကတော့ လမ်းလျှောက်သူကလျှောက်၊ ပြေးသူကပြေးနဲ့  ညနေခင်းလေးက အရမ်းကို အသက်ဝင်လွန်းနေတယ်။ အဲ့ဒါနဲ့  လမ်းတပတ်လောက်ပဲလျှောက်ပီး လူရှင်းတဲ့နေရာက ခုံလေးမှာထိုင်ရင်းနဲ့  ငါ့နိုင်ငံမှာဆိုရင်ဆိုပြီးတွေးမိသွားရင်းက ကဗျာမမှီ စာမပီလေး တခုကိုချရေးဖြစ်ခဲ့တယ်။ အပြန်လမ်းမှာတော့ ခူးဖို့ တေးထားတာကြာနေတဲ့ မြက်ပန်းလေးတွေကို ပန်းအိုးထိုးဖို့ ခူးခဲ့တယ်။
စိမ်းစိုနေတဲ့ မြက်ခင်းတွေ
့ပြုံးရယ်နေတဲ့ ကြယ်လေးတွေ
အလင်းရောင်တလက်လက်နဲ့  လမ်းသစ်၊ နေ့ သစ်မှာ
မျှော်လင့်ချက်လတ်လတ်ဆတ်ဆတ်တွေနဲ့  မီးခဲလေးတွေ
အစွမ်းကုန်တောက်ပခွင့်ရခဲ့တဲ့အတွက်
ဘဝကိုကျေနပ်နေခဲ့ကြတဲ့ ဥက္ကာပျံတွေ
...တွေ
.............တွေ
.......................တွေ နဲ့ 
လောကဟာ သာယာနေခဲ့ပါတယ်။
ဒါပေမယ့်ကွယ်...
လှပစေဖို့ အတွက် ညှိပေးမလိုလိုနဲ့ 
အမြစ်ကနေအတူးခံနေရတဲ့ မြက်ခင်းတွေ
ချစ်လို့ စ ပါတယ်ဆိုပေမယ့်
စ သူပျော်စေဖို့  ငိုနေရတဲ့ကြယ်လေးတွေ
အေးမြစေဖို့ ဆိုတဲ့ စေတနာတပတ်နွမ်းနဲ့ 
ရေလောင်းခံလိုက်ရတဲ့ မီးခဲလေးတွေ
နောက်ဆုံးအချိန်မှာတောင် အလင်းလက်ဆုံးတောက်ပခွင့်မရတဲ့
ချောင်ထဲရောက် ဥက္ကာပျံတွေ
...တွေ
.............တွေ
.......................တွေ နဲ့ 
လောကဟာ အကျည်းတန်လာနေပြီလား !!!
မြတ်
No comments:
Post a Comment