Thursday 3 December 2009

အိုးမဲ့အိမ်မဲ့နေ့ ရက်

ပင့်ကူလေးကတော့
အစေးအမျှင်
သူ့ ချည်ခင်တွေနဲ့ 
နှောင်ငင်ရက်ချုပ်
အိမ်လုပ်ပြီးနေတယ်။

ငှက်ကလေးကလည်း
မြက်ခြောက်ထုံးသီ
ကောက်ရိုးတွေစီထည့်
အိမ်ဖွဲ့ ပြီးနေတယ်။

ခါချဉ်နဂျီ
ခြတိုင်းပြည်မှာလည်း
ကိုယ်စီသက်ဆိုင်
အိုးပိုင်အိမ်ပိုင်လေးတွေနဲ့ ။

လူတွေခမြာမှာတော့
ခြံမြေရောင်းတမ်း
ကိန်းဂဏန်းတွေကြောင့်
အိမ်ခန်းအငှားတွေအဖြစ်
မြို့ ပြရဂုံ
အပူဘုံမှာ
သိုက်မြုံမဲ့နေရှာလေရဲ့ ။

မောင်နန်းဝေ (ဗန်းမော်)

ရန်ကုန်မှာနေတုန်းက တိုက်ခန်းခ တနှစ်စာချုပ်ရေးအတွက်စိတ်တွေညစ်ကြရတိုင်း အမြဲပြန်ပြန်ဖတ်ဖြစ်တဲ့ကဗျာလေးပေါ့။ ကူးထားတဲ့နေ့ စွဲရယ်၊ မဂ္ဂဇင်းနာမည်ရယ် မှတ်မထားမိဘူး။ ဘာရယ်မဟုတ်ပါဘူးလေ။ အတူနေခဲ့တဲ့သူတွေကို သတိရလို့ ။ မိဘတွေနဲ့  ဆယ်တန်းအောင်ကတည်းကခွဲပြီး တနယ်တကျေးမှာပဲ အလုပ်လုပ်တဲ့ကိုယ့်အတွက်တော့ အတူနေတဲ့အခန်းဖော်တွေကပဲ ညီအစ်မတွေဖြစ်လာကြတယ်။ ရန်ကုန်မှာက ငါးယောက်နေတဲ့အသိုက်အမြုံလေးပေါ့။ ခုတော့ သုံးယောက်နေတဲ့အသိုက်အမြုံလေးထဲရောက်နေပြန်ရော။ ဒါပေမယ့် အဲဒါလဲကြာကြာမခံပါဘူး။ ခုတော့ နှစ်ယောက်ထဲကျန်တော့တယ်။ မိုး ကတော့လွတ်ရာလွတ်ကြောင်းပြေးပြီး)။ ရှေ့မှာ ဘယ်လိုအသိုက်အမြုံလေးတွေနဲ့ ထပ်ကြုံရအုန်းမယ်မသိ။ တခါတလေလည်း ဘာကြောင့်များအတည်တကျမနေရပါလိမ့်လို့စဉ်းစားမိတယ်။ ခုဆို လူများများနဲ့ သိုက်သိုက်ဝန်းဝန်းမနေတတ်တော့တာခက်တယ်။ နားညည်းစိတ်ရှုပ်လာရော။ ကိုယ့်ရဲ့ရင့်ကျက်မှုအတိုင်းအတာက အသက်နဲ့ပြောင်းပြန်များ အချိုးကျနေလားဆိုတာ ပြန်စဉ်းစားရအုန်းမယ်။ အမေပြောသလို တယောက်ထဲဒီလောက်တောင်နေချင်နေရင် လယ်ကွင်းထဲက သစ်ပင်ခွကြားမှာ သွားထိုင်နေတဲ့။ ဘာသွားစားရပါ့။ ခက်တယ်။


မြတ်

Monday 16 November 2009

မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်

အီးမေးထဲကရတဲ့ သိမ်းထားဖို့ကောင်းတဲ့ တန်ဖိုးရှိတဲ့စာစုလေးပါ။ ကိုယ်တိုင်လည်းပြန်ဖတ်ဖို့နဲ့ မဖတ်ရသေးသူတွေဖတ်ဖို့ မျှဝေပါတယ်။ ကိုတင်ဦးလွင်ထုတ်နှုတ်ရေးသားထားတယ်လို့ ထင်ပါတယ်။ ဘယ်သူရေးတာလဲသိခဲ့မယ်ဆိုရင် ကျေးဇူးပြုပြီး ပြောပြပေးပါနော်။

မေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို့ ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ကျေးဇူးတင်မိပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက-
ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ ၄င်းကပင်-
ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင် အကြီးအကဲ တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ..ဟုလည်း ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ထို့ပြင်..
၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည် ဟု သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။

တစ်ဖန် ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက-
ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က မိန့်ဆိုသည်မှာ...
လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည် ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။

Referance;
The Voice weekly Journal
from internet news

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမားလှစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ...
တတိယ ကမ္ဘာစစ်သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ နှင့်
အခြားကိစ္စများ ဖြစ်ကြသည်။

ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ့ (၁၇) ဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝါဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ-

အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။


ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။

Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ

ွှTaman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။

အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။

U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

(တင်ဦးလွင်)

ပွင့်သောပန်းတိုင်း မွှေးပါစေ

လောကကြီးလည်း အချိန်တွေပြောင်းတာနဲ့အမျှ လိုက်ပြီးပြောင်းလာလိုက်တာ ကောင်းတာကနဲနဲ ဆိုးတာကများများ ဆိုသလိုကို ဖြစ်နေတော့တာပါပဲလား။ အမှန်တရား အမှားတစ်ရာလို့ လူတွေ နောက်ပြောင်ပြောနေကြရာကနေ စကားနောက် တရားပါများ ဖြစ်သွားသလားမသိ၊ လူ၁၀၀မှာ ၁ယောက်တောင် တစ်ကယ်ကောင်းတဲ့သူကို ရှာရ ခက်ခဲနေပြီ။ ကောင်းတဲ့အထဲမှာ ကိုယ်မပါနိုင်သေးရင်တောင် ဆိုးတဲ့အထဲမှာ မပါဖို့ကိုတော့ သေချာသတိထားရမယ်။

လူတွေလေနော်၊ တိရိစ္ဆာန်တွေမှ မဟုတ်တာ။ ဘာလို့ ရှိတဲ့ဦးနှောက်ကို အများကောင်းကျိုးအတွက်ဆိုတာမျိုး မစဉ်းစားမိခဲ့ရင်တောင်၊ ဘယ်လို သူများအပေါ် ထိခိုက်နာကျင်ပျက်စီးအောင် လုပ်ရမလဲဆိုပြီး နိမ့်ကျတဲ့ အတွေးအကြံတွေနဲ့ အစွမ်းကုန် ရိုက်ချချင်ကြတာလဲ။ ကမ္ဘာကြီးက လုံးနေသလို သံသရာဆိုတာကလည်း လည်ပတ်နေတာလေ။ ကိုယ့်အလှည့်ပြန်ရောက်တာနဲ့ ဒီလိုဆိုးဝါးတဲ့အဖြစ်တွေ ပြန်ကြုံရမှာကို ဘာလို့များ မျက်ကန်းတစ္ဆေမကြောက်ဖြစ်နေတာလဲ။

မကောင်းဘူးဆိုတာ သေချာနေတဲ့လူကို လုံးဝ ယတိပြတ် အဆက်အသွယ်ဖြတ်သင့်တယ်ဆိုတာ ကိုယ်ယုံကြည်ထားတဲ့ လုပ်သင့်တဲ့အရာ။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်က အကြံပေးတယ်။ မေးထူး ခေါ်ပြော ခပ်တန်းတန်းပဲနေဖို့ ဆိုတာမျိုးကို..။ ကိုယ်ကိုယ်တိုင်ရော ဘာလို့ ဒီလိုလူတွေကို ခွင့်လွှတ်ဖို့နေထားလို့ လျစ်လျူရှုတာလေးတောင် မလုပ်နိုင်ရတာလဲ။ မကောင်းတဲ့လူတစ်ယောက်ကို ကိုယ်က ဘာသိဘာသာပဲ အခေါ်အပြောမပျက် ခပ်တန်းတန်းနေဖို့တောင် ဘယ်လိုမှ မတတ်နိုင်ဘူး။

အမှန်တရားဆိုတာက ဘာလဲ။ ၃၈ဖြာ မင်္ဂလာ တရားတော်ထဲက လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ ဆိုတဲ့အထဲမှာ ဘယ်လောက်အထိ ကင်းအောင်နေရမှာလဲ။ ကိုယ့်စိတ်ထဲမှာ အခုတစ်လော ဒွိဟဖြစ်နေတဲ့ အကြောင်းတစ်ခုပါ။

မေ

Friday 6 November 2009

အနာဂတ် - ၁

ဘာရယ်မဟုတ်.. စာရေးဖို့ စိတ်ကူးပေါက်ပြီး ဘလော့ပေါ်ရောက်လာခဲ့တာပါ။
တစ်သက်လုံး စာကို မယ်မယ်ရရမလုပ်ခဲ့ပဲ ခုလို အနားနီးမှ ကောက်ခါငင်ခါထလုပ်လေ့ရှိတဲ့ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ချင်ပါဘူး။ လုပ်တာတောင် ကျေးဇူးတင်ရဦးမယ်လို့ပဲ အောက်မေ့ပါတယ်။ ဒါပေမယ့် ပြသနာက ဘာကိုမှ အရမ်း အာရုံမစိုက်ခဲ့ဖူးလို့လားမသိ.. စာလည်းလုပ်ရော၊ ခေါင်းကိုက်၊ နားကိုက်၊ ဖျားချင်သလိုလိုဖြစ်၊ စိတ်ကစဥ့်ကလျားဖြစ်လိုဖြစ်နဲ့ ကိုယ့်ကိုယ်ကိုတောင် လန့်လာတယ်။
တော်သေးတာက အစ်မတော် မြတ် ရှိနေပေလို့။ သူလည်း မေ့ဒဏ်တော်တော်ခံရရှာပါတယ်။ တတ်နိုင်ဘူးလေ။ မိုးက ဖုတ်ဖတ်ခါပြီး မေတို့နှစ်ယောက်ကို ထားခဲ့တာဆိုတော့ မေ့မှ ပြေးပဲကြည့်ကြည့်၊ ရိုးရိုးပဲကြည့်ကြည့် ရွှေမြတ်ပဲရှိတာကိုး။
မနိုင်းနိုင်းစနေရေးသလို ကိုယ့်ဖာသာကိုယ်ဖတ်ဖို့ ဆိုပြီး စာတွေထိုင်ရေး၊ ထိုင်ဖတ်လုပ်ရင်ကောင်းမလား စဉ်းစားနေတာ။ သူများတွေဖတ်ဖို့ စာမျိုးကိုမှ မရေးတတ်တာ။ ကိုယ်ရေးကိုယ်ဖတ်လုပ်တာတောင် တစ်ခါတစ်ခါ ကြောင်လိုက်တာထင်ပြီး (တစ်ချို့သော ကိုယ်ချင်းမစာတတ်သူများက ဖျက်ခိုင်းလို့ပဲ ဖြစ်ဖြစ်) ဖျက်လိုက်ရတာကလည်း ရှိသေး။
ဘာပဲဖြစ်ဖြစ်လေ.. ကိုယ်ရွေးတဲ့လမ်းကို ပြီးဆုံးအောင်မြင်အောင်တော့ လျှောက်မှဖြစ်မှာပေါ့။ လူပီသအောင် ဘာတွေလုပ်ရမယ် အကုန်မသိပေမယ့် ဖေကြီးပြောသလို "ဘာပဲလုပ်လုပ် လူချင်းတူအောင်လုပ်" တဲ့။ သူများတွေတောင်လုပ်နိုင်သေးတာ.. ကိုယ့်မှာလည်း သူတို့လိုပဲ ခေါင်းတစ်လုံး၊ လက်နှစ်ဘက်၊ ခြေနှစ်ဘက် အားလုံးတူတူပဲ။ သူတို့က ကိုယ့်ထက် ဘာမှ ပိုရှိနေတာမှ မဟုတ်တာလေ။ ကိုယ်လည်း ဖြစ်အောင်လုပ်ရမှာပေါ့။ လုပ်ရင်လည်း ဖြစ်ရမှာပေါ့။


ကိုယ့်ကိုယ်ကို အားပေးရင်း...
---
မေ

စကားမစပ်.. မမမိုး @ GiKiကို သတိရတယ်.. မြန်မြန်ပြန်လာရင် ကောင်းမယ်။ :(

Thursday 1 October 2009

… (+ သို့ -) ...




လူတစ်ယောက်ကို တစ်ယောက်က ချစ်တဲ့အချစ်ဟာရိုးသားသန့်စင်ဖို့လိုမယ်ထင်တယ်။ အပြန်အလှန်နားလည်မှုတွေလိုသလို မျှော်လင့်ချက်တွေလည်း ပါမယ်။ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကွာဟချက်တွေ၊ နားလည်မှုလွဲမှားတာတွေဖြစ်လာနိုင်တာပဲ။ ပေးဆပ်ခြင်းတွေရှိနိုင်သလို ပြန်လည်ရယူလိုမှုတွေလည်း ရှိမှာပဲ။ ချစ်တဲ့သူဆီကသာ လိုချင်တဲ့ လိုအပ်မှုမျိုးပေါ့။ “ကိုယ့်ရဲ့အချစ်ကတော့ ပေးဆပ်မှုသက်သက်ပဲ“ လို့ဆိုရင်တောင် ကိုယ်ချစ်တဲ့ အဲဒီလူကိုပဲပေးဆပ်ချင်တာလေ။ “အဲဒီလူ“ ဆိုတဲ့အရာကပဲ ကိုယ်ကပြန်ရလိုက်ခြင်း၊ ကိုယ့်ရဲ့ရယူလိုခြင်း ပဲဖြစ်မယ်။ သူ့ဆီက ဘာမှပြန်မမျှော်လင့်ပါဘူးဆိုရင်တောင် “သူ“ ဆိုတဲ့အရာကပဲ ကိုယ့်မျှော်လင့်ချက်လေ။

နာကျင်ခြင်းတိုင်း ဟာမခါးသီးပါဘူး။ ဒါပေမယ့် ဝမ်းနည်းရခြင်းကတော့ ကိုယ့်အတွက်ခါးသီးတယ်။ အဲဒါနဲ့အတူ သိမ်ငယ်မှုကပါ ရောပါလာနိုင်တယ်လေ။ တစ်ယောက်ကမြင့်မားပြီး ကျန်တစ်ယောက်ကနိမ့်ကျနေမှသာ သိမ်ငယ်တာမဟုတ်ပါဘူး။ ချစ်ရတဲ့သူရဲ့ သေးငယ်တဲ့ ဂရုစိုက်မှုလေးတစ်ခု၊ အသိအမှတ်လေးတစ်ခုကို ပိုင်ဆိုင်လိုချိန်မှာ မရရှိလိုက်ရင်လဲ ဝမ်းနည်းသိမ်ငယ်မိတာပါပဲကွယ်။


မြတ်

Wednesday 16 September 2009

တွေးမိရောက်ရာ



ပုံကို ဂဲဂဲ ဆီကယူပါတယ်။

မြတ်ကလေ ကိုယ်ကသာစာမရေးတတ်တာ၊ စာရေးကောင်းတဲ့သူဆို အင်မတန်သဘောကျတာ။ ကိုယ်ကြိုက်တဲ့စာတွေဆို သိမ်းထားပြီး ပြန်ပြန်ဖတ်ရတာအမော။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်သိမ်းထားရလောက်အောင်ကြိုက်ရတဲ့စာတွေက အမြဲလိုလိုမှမဖတ်ရတာ။ ဂျူး ဆို တအုပ်ဆို၊ ဆိုသလောက်ပဲ။ စောင့်ရတာ လည်ပင်းညောင်ရေအိုးမကတော့ဘူး။ ဒါပေမယ့် စာရေးဆရာစွဲ မထားတော့ ဖတ်စရာသိပ်တော့မရှားဘူးပေါ့။

ရှစ်တန်း ကိုးတန်းလောက်တုန်းကတော့ မဂ္ဂဇင်းထဲက ကြိုက်သမျှစာတွေကို ဖြဲထားပြီးသိမ်းတော့တာပဲ။ အတ္တကြီးတာလေ။ အိမ်ကလည်း အဲဒီအကျင့်ကိုလုံးဝမှမကြိုက်။ နောက်တော့မှပြန်စဉ်းစားမိတယ်။ သူများတွေလည်းဖတ်ချင်မှာပဲဆိုတာ။ အဲဒီအသိကလည်း ကိုယ်တိုင်ကြုံလိုက်ရမှ သိလိုက်တာပါ။

ဘယ်မဂ္ဂဇင်း၊ ဘာအကြောင်းအရာလည်းတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးနိဂုံးချုပ်ခါနီးဆိုတာတော့
မှတ်မိတယ်။ စာရွက်ကြီးက ပြဲနေရောလေ။ နောက်တမျက်နှာမှာပါတဲ့ မင်းသမီးပုံကိုလိုချင်လို့နေမှာပေါ့။ ကိုယ့်မှာတော့လေ တနေကုန်နေရခက်လိုက်တာ။ နောက်စာအုပ်ဆိုင်မှာထပ်ငှားရအောင်ကလည်း စာအုပ်က လွန်ခဲ့တဲ့သုံးလေးလလောက်ကဟာဆိုတော့ နှမလက်လျော့နေလေတော့ပေါ့။

အဲဒီကတည်းက ဘယ်တော့မှစာရွက်မဖြဲတော့ဘူး။ ကိုယ်လိုချင်တာရှိရင် မိတ္တူပဲသွားဆွဲလိုက်တော့တယ်။ မိတ္တူဖိုးကတော့ ဘတ်ငွေလေးတွေပေါ့ကွယ်။ အမီးပြောသလိုပေါ့။ ဒယ်ဒီ့ပိုက်ဆံလည်း မမူပိုက်ဆံ၊ မမူပိုက်ဆံလည်းမမူပိုက်ဆံ…တဲ့။ မြတ်ကသူတို့နှစ်ယောက်လုံးသမီးပဲဟာ…နော့…။ တချို့ စာတိုတာလေးတွေဆို လက်ရေးနဲ့ကူးထားလိုက်ပါတယ်။ ဒါကတော့လည်းအရင်ကတည်းကပါ။ (ဟဲဟဲ…အမှုလေးများ နည်းနည်းပေါ့မလားလို့။) အဲဒီတော့ ကောင်းလာတာလေးတွေက စာတွေပြန်ဖတ်ရင် ခိုးမဖတ်ရတော့ဘူးပေါ့။ စာရွက်တွေလည်းမဖွက်ရတော့ဘူးလေ။ မဟုတ်ရင်အိမ်ကဆူမှာစိုးလို့ခိုးဖတ်၊ ပြီး ဖွက်နေရတာ ရည်းစာစာ ကျနေတာပဲ။ အဲဒီတော့မှလည်း စဉ်းစားမိတယ်။ ငါတော်တော်စိတ်ပေါ့သွားပါလားပေါ့။ မဟုတ်ရင် အိမ်ကသိမှာ တထင့်ထင့်နဲ့လေ။ အမီးကဆူလိုက်ရင် တော်ပါတော့၊ ရိုက်သာသတ်လိုက်ပါတော့လို့ ပြောရလောက်အောင်ကို ဆူတတ်တာ။

ကျွန်မက တော်တော် ကိုယ်ချင်းမစာတတ်တာ။ လက်ကိုင်ပြုထားတာကလည်း ကိုယ်ကမှ အရာတခုကိုမခံစားဘူးရင် သူများခံစားနေရလည်း အဲဒီခံစားချက်ကိုနားမလည်ပေးနိုင်လောက်ဘူး လို့လေ။ နားလည်ပေးနိုင်လည်း နည်းနည်းပါးပါးပေါ့၊ ကိုယ်နဲ့စာပြီးတော့ တော့
နားမလည်နိုင်လောက်ဘူး ထင်တာပဲ။ ခုများတော့လည်း ကာယကံရှင်တွေထက်တောင် ပိုနေပြီလားမသိ။ အပူအပင်ကင်းတဲ့ဘဝ၊ အရွယ်တွေကို ကျော်လာလို့လည်းဖြစ်ချင်ဖြစ်မှာပေါ့နော်။

ဘတ် စရာမလိုတဲ့ ကိုငြိမ်းရဲ့ ကဗျာလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်။ ဘယ်မဂ္ဂဇင်း၊ ဘယ်ခုနှစ်ကမှန်းတော့မသိ။ (တော်သေးတယ် ကဗျာဆရာနာမည်ကိုသိလို့)။ ဘေဿဝိုင်း၊ ဒီကဗျာလေးက လက်နဲ့ကူးပြီးသိမ်းထားတဲ့ များစွာထဲက တခုပါ။


ကိုငြိမ်းအမေ
ပိုက်ဆံအကြွေအသိမ်းကောင်း
မီးဖိုဘေးကပြာပုံ
အကြွေမျိုးစုံအမေဝှက်တတ်

တစ်မူး၊ တစ်ပဲ၊ တစ်မတ်

အဖေကြီးက
စည်းကမ်းတင်းတင်း
ပုံသွင်းပြင်းတတ်

တစ်နေ့…အဖေ့ရှေ့မှာ
အမေ့ဆီမုန့်ဖိုးတောင်းမိ

”ဟေ့…စည်းမရှိ၊ ကမ်းမရှိ
ပိုက်ဆံကို ဂရီး ဂရီး မပေးနဲ့” တဲ့

အဖေ့အမိန့်စကား
ဓါးတစင်းလိုထက်လို့
ဇီးရွက်ရဲ့ အချင်း မျိုးဖြစ်အောင်
သားမျက်နှာ ကျဉ်းဖြစ်နေခဲ့

အမေ့ရဲ့စကားယမထာကလည်း
အော်…အမိန့်နောက်သံယောင်လိုက်သွား

အမိန့် တုဖုံးထားတဲ့ အမေ့ရဲ့စကား
ရတနာသိုက် ညွှန်းလိုက်ပုံက

”ဟဲ့…ကောင်လေး၊ မီးဖိုဘေးကပြာတွေ
သွား…အခုသွန်စမ်း”

(ကိုငြိမ်း)


ဆောဒီး...ကဗျာခေါင်းစဉ်လည်း မသိဘူးပဲဗျ...အဟီး

မြတ်

Monday 14 September 2009

ပုံး ကြိုက်တဲ့ ခင်နှမရယ်




ပုံတွေကို ဂဲဂဲဆီ ကယူပါတယ်။


မြတ်က ပုံး တွေ၊ ဗူးတွေ နဲ့  ပစ္စည်းသိမ်း ရတာ အင်မတန် ကြိုက်။ နိုင်ငံခြား ရုပ်ရှင်တွေ ကြည့် ကြည့် ပီး သူ တို့  တွေ ပစ္စည်း တွေ ကို ပုံးတွေ၊ ဗူးတွေ နဲ့  ရွှေ့နေရင် ဘာလို့ မှန်းမသိ အရမ်းသဘော ကျတာ ငယ်ငယ်ကတည်းကပဲ။ သယ်ရ ပြုရ၊ ရွှေ့ရတာ သပ်သပ်ရပ်ရပ်၊ လွယ်လွယ်ကူကူရှိတယ်လို့လည်း ထင်တယ်လေ။အရင် ရန်ကုန်မှာ အလုပ်လုပ်တုန်းကလည်း ရုံးခန်းကကောင်မလေး နဲ့ခင်အောင်ပေါင်းထားလိုက်တာပေါ့။ A4 ပုံးလွတ်တွေမျက်နှာနဲ့လေ။ ပြီးရင်အိမ်ကစာအုပ်တွေ နဲ့ ပစ္စည်းတချို့ ကို ထည့်ပြီးသိမ်းထားတာပေါ့။ နောက် မြတ် ရဲ့အကျင့်တစ်ခုက သိပ်အသုံးမလိုတဲ့ပစ္စည်းတွေ ကို မျက်စိရှေ့မှာမမြင်ချင်ဘူး။ အဖေကတော့ နာမည်ပေးထားတယ်။ မသိမ်းပျောက် တဲ့။ စာအုပ်တွေကို စက္ကူပုံးတွေနဲ့သိမ်းရတာ ပရုတ်လုံးဖိုးတော့ တော်တော်ကုန်တယ်။ စာအုပ်ရော၊ ပုံးရောက စက္ကူတွေဆိုတော့ ပိုးကောင်တွေအတွက်က အချိုရှာ သကာတွေ့ ပေါ့။

ဒီရောက်လာပြန်တော့လည်း မေ့ ကို ဒုက္ခပေးရပြန်တယ်။ ဘာရှိရမလဲ၊ A4 အတွက်ပဲပေါ့။ သူ့ခမျာလည်း အဲဒီပုံးတွေနဲ့ဆို လိုင်းကားနဲ့ပြန်မလာနိုင်ဘူးလေ။ အငှားကားနဲ့ ပြန်လာရတော့တာပေါ့။ ကားခလား? ပြန်မပေးပါဘူး This man နဲ့ this man ပဲဟာ နော့? အခုလည်း ပုံးတွေထပ်လိုနေပြန်ဘီလေ။ မိုးကပြန်တော့မှာဆိုတော့ သူ့စာအုပ်တွေကို လေယာဉ်နဲ့မသယ်တော့ဘဲနဲ့ အိမ်အထိပစ္စည်းတွေပို့ပေးတဲ့နေရာကနေပဲ ပုံးတွေနဲ့ပို့လိုက်တော့မယ်လေ။ အဲဒီတော့ မေ့ ရဲ့ ပုံးတာဝန်က ထပ်ရှိလာတော့တာပေါ့။ သူ့ရုံးကလူတွေကတော့ သူ့ကိုပုံးကုန်သည်လို့တောင်ထင်နေလောက်ပြီထင်တယ်။ မေ့ တာဝန်ပြီးတော့ မိုးတာဝန်ဖြစ်တဲ့ ချက်ပြုတ်ရေးဖက်လှည့်ကြတော့ ခြေနေ က မကောင်း။ ချက်စရာ နထ္ထိ။ ဆီ နဲ့ ဆန်ကစ အိုးလွတ်၊ ပုံးလွတ်။ (တကယ်တော့ဝမ်းသာစရာပါ။ မတော် ဆန်နည်းနည်း ကျန်နေ သေးရင် ဆန်ပြုတ်ပြုတ်ဖို့ပဲ ချောင်းနေတဲ့ မေ့ လက်စာ အဲ လက်ရာ ဆန်ပြုတ်နဲ့ နှစ်ပါးသွားနေရမှာ) အဲဒီဒေါ့ ထုံးစံအတိုင်းသွား နေကျ အိမ်နား က Carrefour (ကြော်ငြာခြင်းမဟုတ်ပါ) ကိုပဲ သုံးယောက်သား ချီတက်ကြတာပေါ့။

Carrefour ရောက်တော့ လိုအပ်တာတွေ မှာစား အဲ ဝယ်ခြမ်းရင်းနဲ့ မိုးတယောက် ရတနာပုံဆိုက်တော့တာပါပဲ။ သိကြတဲ့အတိုင်း Supermarket ဆိုတော့ ပစ္စည်းတိုင်း၊ ပစ္စည်းတိုင်း က ပါကင် ပုံးကြီးတွေ နဲ့ပဲပေါ့။ ပစ္စည်းတွေကို စင်ပေါ်စီလိုက် တော့ ကျမ တို့အကြိုက် ပုံးလွတ်တွေက အောတိုက်ပေါ့။ မိုးဘာလုပ်တယ်ထင်လဲ။ ပုံးတွေထဲက ကောင်းတဲ့ပုံးတွေကို စိတ်ကြိုက်ရွေးတော့တာပေါ့။ ပြီးတော့သုံးယောက်သား ခပ်တည်တည်နဲ့ ငွေရှင်းပြီးထွက်ခဲ့တယ်။

တကယ်တော့ Carrefour နဲ့ အိမ်နဲ့က ငါးမိနစ်စာပဲ ဝေးတာပါ။ ဒါပေမယ့် ပစ္စည်းတွေ ဗလပွနဲ့ဆိုရင်၊ လေးလည်းလေးရင် ငါးမိုင်ခရီးလောက်ထင်ရတယ်။ အဲဒီတော့ Carrefour အထွက် နည်းနည်းလည်းလှမ်းရော ဖြန့်ထားတဲ့ပုံးခွံတွေကို ပုံးပြန်ခေါက်၊ ပစ္စည်းတွေထည့်ပြီး ပြန်လာကြတာပေါ့။ ဒီကြားထဲ မိုက်ကြီးနဲ့ ပုံးတွေများလှမ်းတောင်းလေမလား တထိတ်ထိတ်နဲ့လေ။ ဘာလို့ဆို အဲဒီလိုယူလို့ ရ၊ မရ မသိဘူးလေ။ မေးလည်း စကားကမှ မပေါက်။ အိမ်ပြန်ရောက်မှ ဟင်း ချနိုင်တော့တယ်။ ဒါတောင် လမ်းတလျှောက်လူတွေက ကြည့်ကွက်၊ ကြည့်ကွက်နဲ့။ သုံးယောက်လုံး ဂရုမစိုက်ပေါင်။ တလောကလုံး ကိုယ့်လုပ်စာထိုင်ဖြုန်းနေတဲ့ရုပ်နဲ့ နေ နေ လိုက်တယ်။


ဟီး...မေ့တွားလို့၊ မြတ်ရဲ့တာဝန်ကလား? သြော်………ဘာရှိရမလဲလေ၊ ချက်ကျွေးသရွေ့လေး ဘာမဆို မငြီးငြူတမ်း၊ စေတနာ ဗလပွနဲ့ အများတကာစိတ်ချမ်းသာအောင်စားပေးရတာ မြတ်ရဲ့သမိုင်းပေးတာဝန်ပေါ့။

မြတ်

Friday 11 September 2009

လှ...ခဲ့ချိန် ?




ဒီနေ့  ပျင်းပျင်းရှိတာနဲ့  အိမ်နဲ့  နီးတဲ့ ပန်းခြံလေးထဲသွားထိုင်မိတယ်။ ကြားရက်ဆိုတော့ လူရှင်းမယ်ထင်ပြီးပေါ့။ ဒါပေမယ့် သပွတ်အူမျောလာတာထက်ဆိုးသွားတယ်။ လူတွေ လူတွေဆိုတာတအားပဲ။ အလယ်တန်းကျောင်းသားအရွယ်လေးတွေကပိုများတယ်။ သူတို့ အတွက်ဘာပွဲများရှိလဲမသိဘူး။ သူ့ အစုလိုက် အစုလိုက်နဲ့ လွတ်လပ်ပျော်ရွှင်နေလိုက်ကြတာ။ ချစ်သူစုံတွဲလေးတွေကလဲ ခုံတန်းလေးတွေပေါ်မှာထိုင်နေကြတယ်။ တချို့ လူရွယ်တွေနဲ့  အဖိုး၊ အဖွားတွေကတော့ လမ်းလျှောက်သူကလျှောက်၊ ပြေးသူကပြေးနဲ့  ညနေခင်းလေးက အရမ်းကို အသက်ဝင်လွန်းနေတယ်။ အဲ့ဒါနဲ့  လမ်းတပတ်လောက်ပဲလျှောက်ပီး လူရှင်းတဲ့နေရာက ခုံလေးမှာထိုင်ရင်းနဲ့  ငါ့နိုင်ငံမှာဆိုရင်ဆိုပြီးတွေးမိသွားရင်းက ကဗျာမမှီ စာမပီလေး တခုကိုချရေးဖြစ်ခဲ့တယ်။ အပြန်လမ်းမှာတော့ ခူးဖို့ တေးထားတာကြာနေတဲ့ မြက်ပန်းလေးတွေကို ပန်းအိုးထိုးဖို့ ခူးခဲ့တယ်။






စိမ်းစိုနေတဲ့ မြက်ခင်းတွေ

့ပြုံးရယ်နေတဲ့ ကြယ်လေးတွေ

အလင်းရောင်တလက်လက်နဲ့  လမ်းသစ်၊ နေ့ သစ်မှာ
မျှော်လင့်ချက်လတ်လတ်ဆတ်ဆတ်တွေနဲ့  မီးခဲလေးတွေ

အစွမ်းကုန်တောက်ပခွင့်ရခဲ့တဲ့အတွက်
ဘဝကိုကျေနပ်နေခဲ့ကြတဲ့ ဥက္ကာပျံတွေ

...တွေ
.............တွေ
.......................တွေ နဲ့ 

လောကဟာ သာယာနေခဲ့ပါတယ်။

ဒါပေမယ့်ကွယ်...

လှပစေဖို့ အတွက် ညှိပေးမလိုလိုနဲ့ 
အမြစ်ကနေအတူးခံနေရတဲ့ မြက်ခင်းတွေ

ချစ်လို့ စ ပါတယ်ဆိုပေမယ့်
စ သူပျော်စေဖို့  ငိုနေရတဲ့ကြယ်လေးတွေ

အေးမြစေဖို့ ဆိုတဲ့ စေတနာတပတ်နွမ်းနဲ့ 
ရေလောင်းခံလိုက်ရတဲ့ မီးခဲလေးတွေ

နောက်ဆုံးအချိန်မှာတောင် အလင်းလက်ဆုံးတောက်ပခွင့်မရတဲ့
ချောင်ထဲရောက် ဥက္ကာပျံတွေ

...တွေ
.............တွေ
.......................တွေ နဲ့ 

လောကဟာ အကျည်းတန်လာနေပြီလား !!!

မြတ်

Friday 4 September 2009

လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ကျန်းသို့ ခရီးတစ်ခေါက်


မြတ်ရဲ့ ဗီဇာကိစအတွက် ဗီယန်ကျန်းကို ၃၁ရက်နေ့ညက ခရီးထွက်ခဲ့ကြတယ်။ ည၇နာရီဝန်းကျင်လောက် အိမ်ကနေထွက်ပြီး မော်ချစ်ကားဂိတ်ကိုသွား၊ တတိယထပ်မှာ ကားလက်မှတ်ဝယ်၊ မုန့်ဝယ်ပြီး ကိုယ်စီးရမယ့် ကားဂိတ်ကိုလိုက်ရှာ၊ ကားပေါ်တက်ပြီး ကားအထွက်ကို ထိုင်စောင့်ကြတယ်။ ၈:၃၀ထွက်မယ့်ကားက ၉:၀၀လောက်မှထွက်တယ်။ အနောက်တိုင်းသားတွေတောင် အချိန်မတိကျတာ၊ အရှေ့တိုင်းသားတွေ နောက်ကျတာကို ဘယ်ဗွေယူလို့ဖြစ်မလဲလို့ပဲ အောက်မေ့ပြီး စကားများလိုက်၊ အစားစားလိုက်နဲ့ လိုက်လာကြတယ်။

ကားက ထိုင်ခုံကျယ်ပြီး ခြေထောက်တင်စရာပါ ပါတော့ အတော်အဆင်ပြေပါတယ်။ သူတို့က မုန့်တစ်ထုပ်၊ အအေးတစ်ဗူး၊ ရေသန့်တစ်ဗူးလိုက်ဝေတယ်။ လမ်းမှာ မုန့်စားဖို့၊ သန့်စင်ခန်းသွားဖို့ ၂ခါလောက် ကားရပ်ပေးတယ်။ အချိန်မိနစ်၂၀လောက် စောင့်တယ်။ ကားကို ၉နာရီလောက်စီးပြီးတော့ ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ နောင်ခိုင်ကို မနက်၆နာရီလောက် ရောက်တယ်။ ရောက်တာနဲ့ Tuk Tuk၊ Taxiနဲ့ bus ကားသမားတွေက သူပုန်တွေ ရွာထဲဝင်သလို ၀ိုင်းပြီးလူခေါ်တော့တာပဲ။

Tuk Tukတို့ Taxiတို့နဲ့သွားဖို့ကို စိတ်မချလို့ နောင်ခိုင်-ဗီယန်ကျန်း ဘတ်စ်စီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ဘတ်၆၀တန် ကားလက်မှတ်ဝယ်၊ ကားထွက်ချိန် မနက်၇:၃၀စောင့်ပြီး ဗီယန်ကျန်းဘက်ကို ကူးပါတယ်။ အဲဒီဘတ်စ်တွေက နယ်စပ်ဂိတ်တွေမှာရပ်၊ လူတွေကဆင်းပြီး လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တာကိုစောင့်၊ ပြီးနောက်တစ်ဂိတ်ဆက်ကူး၊ အဲလိုသွားပါတယ်။ Tuk Tukတို့ Taxiတို့က ဂိတ်တစ်ခုကိုပဲပို့ပြီး နောက်တစ်ဂိတ်ကို ကိုယ့်ဖာသာကိုယ် သွားရမယ်ထင်တယ်။


မနက်၉:၀၀လောက်မှာ ဂိတ်ဆုံးဖြစ်တဲ့ ဗီယန်ကျန်းမြို့ထဲက ကားဂိတ်ကို ရောက်တယ်။ အချိန်က ထိုင်းသံရုံးကို တန်းသွားမှ အဆင်ပြေမှာမို့ ကားဂိတ်ကနေ Tuk Tuk ငှားပြီး ထိုင်းသံရုံးကို သွားပါတယ်။

မေ့ရဲ့ဆက်ရန်က တအားကြာသွားလို့ မြတ်က ဒီပို့စ်ကို ဖျက်ဖို့ အကြိမ်ကြိမ်ပြောလာတာနဲ့ မဖြစ်ချေဘူးဆိုပြီး မအားတဲ့ကြားက ခိုးရေးလိုက်ပါတယ်။ အခုက ရုံးချိန်ဆိုတော့လေ။ :P

မေတို့နှစ်ယောက် ထိုင်းသံရုံးရောက်တော့ လူတွေအများကြီး ဗီဇာလျှောက်ဖို့စောင့်နေကြတယ်။ ဘယ်လောက်တောင်များလဲဆို မြတ်ရဲ့ တိုကင်နံပါတ်က ၁၈၀။ ရန်ကုန်မှာ ဆီတန်းစီနေသလား အောက်မေ့ရတယ်။

သံရုံးဝန်းထဲမှာ ဗီဇာဖောင်ဖြည့်ပြီး ကိုယ့်အလှည့်ကို စောင့်ရတယ်။ သံရုံးရှေ့မှာ ဓာတ်ပုံရိုက်၊ ကော်ပီကူးတဲ့ ဆိုင်လေးရှိတယ်။ ကြိုမလုပ်ခဲ့ရသေးတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

မြတ်အလှည့်ကျလို့ ဖောင်တင်တော့ အဲဒီက တာဝန်ကျ သံရုံးဝန်ထမ်းက ဖောင်လက်ခံပြီး သူ့တိုကင်မှာ တံဆိပ်တုံးထုပေးလိုက်တယ်။ ပတ်စ်ပို့ လက်ခံရရှိကြောင်း သက်သေသဘောပေါ့။ အဲဒီစာရွက်လေးကို သေချာသိမ်းပြီး မေတို့ တည်းမယ့် ဟိုတယ်ကို Tuk Tuk သွားကြတယ်။ လာအိုမှာ Tuk Tukနဲ့ ဟိုသွား၊ ဒီသွား ၁ယောက်ကို ဘတ်၆၀လောက်ပဲ ကျတယ်။ အရမ်းအဝေးကြီးတော့ မဟုတ်ဘူးပေါ့။

မေတို့ သူငယ်ချင်းက မီဆိုင်း ဆိုတဲ့ ဟိုတယ်ကို ညွှန်းတာနဲ့ အဲဒီမှာတည်းဖြစ်တယ်။ မဆိုးပါဘူး။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းလေးပါပဲ။ အဲယားကွန်းခန်း၊ ရေချိုးခန်း၊ အိမ်သာတွဲလျှက် တစ်ညကို ဒေါ်လာ ၃၀လား၊ ၄၀လားပေးရတယ်။ ပန်ကာနဲ့အခန်းက တော်တော်လေးဈေးသက်သာတယ်။ ဒါပေမယ့် ရေချိုးခန်း၊ အိမ်သာကိုတော့ အများသုံးမှာသုံးရတယ်။ မနက်စာကိုတော့ ဟိုတယ်က ကျွေးတယ်။

ဟိုတယ်မှာအနားယူပြီး ညနေကျတော့ ဗီယန်ကျန်းမြို့ထဲကို လျှောက်သွားကြည့်ကြတယ်။ မြို့လေးက တော်တော်လေး သန့်တယ်။ မသန့်တဲ့နေရာကို မရောက်ခဲ့လို့လားတော့ မသိဘူး။ လမ်းလျှောက်လို့လည်း တော်တော်ကောင်းတယ်။ အစားအသောက်ကတော့ ဘန်ကောက်ထက် တော်တော်ဈေးပိုများတယ်။ ရိုးရိုးဆိုင်တွေ သိပ်မတွေ့မိဘူး။

မေတို့ ညစာကို ဆိုင်လေးတစ်ဆိုင်မှာစားဖြစ်တယ်။ အဆိုတော်နှစ်ယောက် ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆို ဖျော်ဖြေတဲ့ဆိုင်လေး။ အခင်းအကျင်းလေးလည်း မဆိုးဘူး။ နှစ်ယောက်စားတာ ဘတ်၅၀၀လောက်တော့ ကျတယ်။ ဘန်ကောက်မှာသာဆို အလွန်ဆုံး ဘတ်၃၀၀ပေါ့။ ဘာပဲဖြစ်ဖြစ် မဆိုးပါဘူး။

နောက်တစ်နေ့ မနက် ၈နာရီခွဲလောက် မနက်စာစားပြီး လမ်းလျောက် ဟိုကြည့်၊ဒီကြည့်နဲ့ ဗီယန်ကျန်းရဲ့ ရှုခင်းကို လျှောက်ကြည့်ပြီး ညောင်းတော့မှ Tuk Tukနဲ့ သံရုံးကို သွား ဗီဇာထုထားတဲ့ ပတ်စ်ပို့ သွားပြန်ရွှေးတယ်။ ထုံးစံအတိုင်း လူတွေက အများကြီးပဲ။ တိုကင် ယူပြီးစောင့်တာပေါ့။

ပတ်စ်ပို့ရပြီးတော့ ကားဂိတ်ကိုသွားဖို့ Tuk Tukငှားမယ် အထွက်၊ မြန်မာတစ်ဖွဲ့နဲ့တွေ့ပါလေရော။

ဆက်ရေးမယ်နော်.. အိမ်ပြန်ရောက်ရင်.. :)





...

Wednesday 5 August 2009

ဖက်ထုပ် ပြုတ်၊ ကြော် စားရအောင်

မေ ဟိုတစ်နေ့က ဖက်ထုပ်ရွက်တွေ့လို့ စိတ်ကူးရပြီး ဖက်ထုပ်လုပ်စားဖြစ်တယ်။ မဆိုးဘူး။ စားလို့ ဖြစ်တယ်။

ဂေါ်ဖီ+မုန်လာဥနီ သေးသေးလေးတွေဖြစ်အောင် တောက်တောက်စင်း၊ အကြော်မှုန့်၊ ကြက်ဥ၊ ၀က်သားကြိတ်သား၊ ကြက်သွန်ဖြူထောင်း၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အားလုံးကို ဇလုံထဲထည့် ရောသမမွှေပြီး ဖက်ထုပ်ရွက်ထဲထည့် အကြော်မှုန့်နဲနဲကို ရေဖျော်ပြီး ကော်အဖြစ်သုံး၊ ဖက်ထုပ်ကို ပိတ်၊ ပြီးရင် ရေခဲသေတာထဲသာ ထည့်ထားလိုက်တော့။

ကြော်ချင်၊ ပြုတ်ချင်တော့မှ ယူပြီး လိုသလောက်သုံး။ စားကောင်း၊ လုပ်မြန်လေးပေါ့။

မေကတော့ သူများတွေလို လုပ်ကြည့်တာ အနူလက်သီးကြီးနဲ့ တူသွားလို့ တစ်မျိုးလေးဆန်းအောင် လုပ်ရလွယ်တဲ့ ခေါင်းအုံးပုံလေးလုပ်လိုက်တယ်။ အကြီးကြီး၃ခုကတော့ ဖက်ထုပ်ရွက် မလောက်တော့လို့ Bonus ပေးလိုက်တာပါ။

ပုံလေးတွေကို အောက်မှာ ရှုစားနိုင်ပါတယ်။း)



Wednesday 22 July 2009

တရုတ်ဗီဇာလျှောက်လိုလျှင်

ဒီနေ့ မိတ်ဆွေ အမျိုးသမီးတစ်ယောက်က တရုတ်ဗီဇာလျှောက်ဖို့ ဘာစာရွက်စာတမ်းလိုသလဲ စုံစမ်းပေးပါဆိုလို့ အင်တာနက်ထဲက ရှာတွေ့တဲ့ အချက်အလက်တွေကို အားလုံးသိရအောင်လို့ share လုပ်ပါတယ်။

၁။ မူရင်းပတ်စ်ပို့ (သက်တမ်း အနည်းဆုံး ၆လကျန်ရမည်။)
၂။ ပြည့်စုံစွာ ဖြည့်စွက်ထားသော ဗီဇာလျှောက်လွှာ တစ်စောင်
၃။ လတ်တလောရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ တစ်ပုံ
၎။ လိုအပ်လျှင် လျှောက်ထားသူသည် လေယာဉ်လက်မှတ် အသွားအပြန်၊ ခရီးသွားသူများ အသုံးပြုသည့် ချက်လက်မှတ် (သို့) ဘဏ်စာရွက်စာတမ်းများကို တင်ပြနိုင်ရမည်။ ရံဖန်ရံခါ တည်းခိုမည့်နေရာ၏ လိပ်စာ၊ ဟိုတယ်ဘွတ်ကင် စသည်တို့ကိုလည်း လိုအပ်ပါသည်။

ဗီဇာကြေးမှာ
၁။ တစ်ကြိမ်ဝင်ကြေး - ဘတ်၁၁၀၀
၂။ နှစ်ကြိမ်ဝင်ကြေး - ဘတ်၁၆၅၀
၃။ အကြိမ်များစွာဝင်ကြေး (၆လ အတွင်း) - ၂၂၀၀ဘတ်
၎။ အကြိမ်များစွာဝင်ကြေး (၁နှစ် အတွင်း) - ၃၃၀၀ဘတ်

ပုံမှန်ဗီဇာလျှောက်ထားလျင် လုပ်ဆောင်ချိန် ၄ရက် (စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များ မပါ) ကြာပါသည်။

အမြန်လိုချင်ပါက အောက်ပါအတိုင်း ထပ်ဆောင်းပေးရမည်။

လုပ်ဆောင်ချိန် ၁ရက် - ဘတ်၁၂၀၀
လုပ်ဆောင်ချိန် ၂-၃ရက် - ဘတ် ၈၀၀

မေ

မိတ်ဆက်


ကျမတို့က သူငယ်ချင်း ၃ယောက်၊ ညီအစ်မလို ပေါင်းကြတာပေါ့။ များသောအားဖြင့် ဘယ်သွားသွား တစ်တွဲတွဲပဲလေ။

လူအများစုက ပြောကြတယ်၊ ၃ယောက်ပေါင်းရင် ၂ယောက်တစ်ဖွဲ့၊ တစ်ယောက်တစ်ဖွဲ့ ဖြစ်သွားမှာလို့။

မညာပါဘူး။ ကျမတို့ ကတောက်ကဆပေါင်းများစွာ ဖြစ်ခဲ့ဖူးတယ်။ ဖြစ်လည်း ဖြစ်နေတုန်းပဲ။ ဆက်လည်း ဖြစ်နေအုံးမှာပဲ။

အဲ.. မပြောင်းလဲပဲ ရှိနေမှာကတော့ (ရှိနေအောင်လည်း ကြိုးစားကြမှာ) ကျမတို့ရဲ့ ခင်မင်ရင်းနှီးမှုပဲ။

နောက်တော့ ကျမတို့၃ယောက်အကြောင်း ပိုပိုသိလာပါလိမ့်မယ်။ ခုတော့ ဒီလောက်ပဲပေါ့ နော..။


မေ