Friday 4 September 2009

လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ကျန်းသို့ ခရီးတစ်ခေါက်


မြတ်ရဲ့ ဗီဇာကိစအတွက် ဗီယန်ကျန်းကို ၃၁ရက်နေ့ညက ခရီးထွက်ခဲ့ကြတယ်။ ည၇နာရီဝန်းကျင်လောက် အိမ်ကနေထွက်ပြီး မော်ချစ်ကားဂိတ်ကိုသွား၊ တတိယထပ်မှာ ကားလက်မှတ်ဝယ်၊ မုန့်ဝယ်ပြီး ကိုယ်စီးရမယ့် ကားဂိတ်ကိုလိုက်ရှာ၊ ကားပေါ်တက်ပြီး ကားအထွက်ကို ထိုင်စောင့်ကြတယ်။ ၈:၃၀ထွက်မယ့်ကားက ၉:၀၀လောက်မှထွက်တယ်။ အနောက်တိုင်းသားတွေတောင် အချိန်မတိကျတာ၊ အရှေ့တိုင်းသားတွေ နောက်ကျတာကို ဘယ်ဗွေယူလို့ဖြစ်မလဲလို့ပဲ အောက်မေ့ပြီး စကားများလိုက်၊ အစားစားလိုက်နဲ့ လိုက်လာကြတယ်။

ကားက ထိုင်ခုံကျယ်ပြီး ခြေထောက်တင်စရာပါ ပါတော့ အတော်အဆင်ပြေပါတယ်။ သူတို့က မုန့်တစ်ထုပ်၊ အအေးတစ်ဗူး၊ ရေသန့်တစ်ဗူးလိုက်ဝေတယ်။ လမ်းမှာ မုန့်စားဖို့၊ သန့်စင်ခန်းသွားဖို့ ၂ခါလောက် ကားရပ်ပေးတယ်။ အချိန်မိနစ်၂၀လောက် စောင့်တယ်။ ကားကို ၉နာရီလောက်စီးပြီးတော့ ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ နောင်ခိုင်ကို မနက်၆နာရီလောက် ရောက်တယ်။ ရောက်တာနဲ့ Tuk Tuk၊ Taxiနဲ့ bus ကားသမားတွေက သူပုန်တွေ ရွာထဲဝင်သလို ၀ိုင်းပြီးလူခေါ်တော့တာပဲ။

Tuk Tukတို့ Taxiတို့နဲ့သွားဖို့ကို စိတ်မချလို့ နောင်ခိုင်-ဗီယန်ကျန်း ဘတ်စ်စီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ဘတ်၆၀တန် ကားလက်မှတ်ဝယ်၊ ကားထွက်ချိန် မနက်၇:၃၀စောင့်ပြီး ဗီယန်ကျန်းဘက်ကို ကူးပါတယ်။ အဲဒီဘတ်စ်တွေက နယ်စပ်ဂိတ်တွေမှာရပ်၊ လူတွေကဆင်းပြီး လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တာကိုစောင့်၊ ပြီးနောက်တစ်ဂိတ်ဆက်ကူး၊ အဲလိုသွားပါတယ်။ Tuk Tukတို့ Taxiတို့က ဂိတ်တစ်ခုကိုပဲပို့ပြီး နောက်တစ်ဂိတ်ကို ကိုယ့်ဖာသာကိုယ် သွားရမယ်ထင်တယ်။


မနက်၉:၀၀လောက်မှာ ဂိတ်ဆုံးဖြစ်တဲ့ ဗီယန်ကျန်းမြို့ထဲက ကားဂိတ်ကို ရောက်တယ်။ အချိန်က ထိုင်းသံရုံးကို တန်းသွားမှ အဆင်ပြေမှာမို့ ကားဂိတ်ကနေ Tuk Tuk ငှားပြီး ထိုင်းသံရုံးကို သွားပါတယ်။

မေ့ရဲ့ဆက်ရန်က တအားကြာသွားလို့ မြတ်က ဒီပို့စ်ကို ဖျက်ဖို့ အကြိမ်ကြိမ်ပြောလာတာနဲ့ မဖြစ်ချေဘူးဆိုပြီး မအားတဲ့ကြားက ခိုးရေးလိုက်ပါတယ်။ အခုက ရုံးချိန်ဆိုတော့လေ။ :P

မေတို့နှစ်ယောက် ထိုင်းသံရုံးရောက်တော့ လူတွေအများကြီး ဗီဇာလျှောက်ဖို့စောင့်နေကြတယ်။ ဘယ်လောက်တောင်များလဲဆို မြတ်ရဲ့ တိုကင်နံပါတ်က ၁၈၀။ ရန်ကုန်မှာ ဆီတန်းစီနေသလား အောက်မေ့ရတယ်။

သံရုံးဝန်းထဲမှာ ဗီဇာဖောင်ဖြည့်ပြီး ကိုယ့်အလှည့်ကို စောင့်ရတယ်။ သံရုံးရှေ့မှာ ဓာတ်ပုံရိုက်၊ ကော်ပီကူးတဲ့ ဆိုင်လေးရှိတယ်။ ကြိုမလုပ်ခဲ့ရသေးတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

မြတ်အလှည့်ကျလို့ ဖောင်တင်တော့ အဲဒီက တာဝန်ကျ သံရုံးဝန်ထမ်းက ဖောင်လက်ခံပြီး သူ့တိုကင်မှာ တံဆိပ်တုံးထုပေးလိုက်တယ်။ ပတ်စ်ပို့ လက်ခံရရှိကြောင်း သက်သေသဘောပေါ့။ အဲဒီစာရွက်လေးကို သေချာသိမ်းပြီး မေတို့ တည်းမယ့် ဟိုတယ်ကို Tuk Tuk သွားကြတယ်။ လာအိုမှာ Tuk Tukနဲ့ ဟိုသွား၊ ဒီသွား ၁ယောက်ကို ဘတ်၆၀လောက်ပဲ ကျတယ်။ အရမ်းအဝေးကြီးတော့ မဟုတ်ဘူးပေါ့။

မေတို့ သူငယ်ချင်းက မီဆိုင်း ဆိုတဲ့ ဟိုတယ်ကို ညွှန်းတာနဲ့ အဲဒီမှာတည်းဖြစ်တယ်။ မဆိုးပါဘူး။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းလေးပါပဲ။ အဲယားကွန်းခန်း၊ ရေချိုးခန်း၊ အိမ်သာတွဲလျှက် တစ်ညကို ဒေါ်လာ ၃၀လား၊ ၄၀လားပေးရတယ်။ ပန်ကာနဲ့အခန်းက တော်တော်လေးဈေးသက်သာတယ်။ ဒါပေမယ့် ရေချိုးခန်း၊ အိမ်သာကိုတော့ အများသုံးမှာသုံးရတယ်။ မနက်စာကိုတော့ ဟိုတယ်က ကျွေးတယ်။

ဟိုတယ်မှာအနားယူပြီး ညနေကျတော့ ဗီယန်ကျန်းမြို့ထဲကို လျှောက်သွားကြည့်ကြတယ်။ မြို့လေးက တော်တော်လေး သန့်တယ်။ မသန့်တဲ့နေရာကို မရောက်ခဲ့လို့လားတော့ မသိဘူး။ လမ်းလျှောက်လို့လည်း တော်တော်ကောင်းတယ်။ အစားအသောက်ကတော့ ဘန်ကောက်ထက် တော်တော်ဈေးပိုများတယ်။ ရိုးရိုးဆိုင်တွေ သိပ်မတွေ့မိဘူး။

မေတို့ ညစာကို ဆိုင်လေးတစ်ဆိုင်မှာစားဖြစ်တယ်။ အဆိုတော်နှစ်ယောက် ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆို ဖျော်ဖြေတဲ့ဆိုင်လေး။ အခင်းအကျင်းလေးလည်း မဆိုးဘူး။ နှစ်ယောက်စားတာ ဘတ်၅၀၀လောက်တော့ ကျတယ်။ ဘန်ကောက်မှာသာဆို အလွန်ဆုံး ဘတ်၃၀၀ပေါ့။ ဘာပဲဖြစ်ဖြစ် မဆိုးပါဘူး။

နောက်တစ်နေ့ မနက် ၈နာရီခွဲလောက် မနက်စာစားပြီး လမ်းလျောက် ဟိုကြည့်၊ဒီကြည့်နဲ့ ဗီယန်ကျန်းရဲ့ ရှုခင်းကို လျှောက်ကြည့်ပြီး ညောင်းတော့မှ Tuk Tukနဲ့ သံရုံးကို သွား ဗီဇာထုထားတဲ့ ပတ်စ်ပို့ သွားပြန်ရွှေးတယ်။ ထုံးစံအတိုင်း လူတွေက အများကြီးပဲ။ တိုကင် ယူပြီးစောင့်တာပေါ့။

ပတ်စ်ပို့ရပြီးတော့ ကားဂိတ်ကိုသွားဖို့ Tuk Tukငှားမယ် အထွက်၊ မြန်မာတစ်ဖွဲ့နဲ့တွေ့ပါလေရော။

ဆက်ရေးမယ်နော်.. အိမ်ပြန်ရောက်ရင်.. :)





...

No comments:

Post a Comment